top of page
Search

ခွဲထွက်ပိုင်ခွင့်ရှိတယ်

  • Writer: Arakha Chit Thuta
    Arakha Chit Thuta
  • Sep 16, 2021
  • 2 min read


ဒီလို ဆောင်းပါးမျိုး ထည့်ရဲတဲ့ မီဒီယာ

ဗမာပြည်မှာ မပေါ်သေးဘူး..

🌐🌐🌐🌐🌐🌐🌐🌐🌐🌐

" ပြည်ထောင်စု က ခွဲထွက်မှာကိုတော့ သဘောမတူဘူး "

လို့ ပြည်မသား ၁၀၀ မှာ ၉၀ လောက်က အလွယ်တကူပြောကြတယ်။ အဲဒီစကားအနက်ဟာ သူတပါးပစ္စည်း မတရားရယူပြီး ပြန်မပေးနိုင်ဘူး ဆိုတဲ့ သဘော ဆိုတာလည်း သဘောပေါက်ကြဟန်မတူပါ။


"ခွဲထွက်ပိုင်ခွင့်ရှိတယ်" ဆိုတာ ဒီလူမျိုးစုတွေကို တန်းတူရည်မျှ ပုခုံးချင်းယှဉ်ဆက်ဆံမှုပြုတာ လို့လည်း သဘောမပေါက်ကြ။

ဗိုလ်ချုပ်အောင်ဆန်း ဟာ ဗမာနိုင်ငံရေးသမားအများစုရဲ့ ဆန္ဒကို ဖီဆန်ပြီး တိုင်းရင်းသားတွေမှာ ခွဲထွက်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ ပဋိညာဉ်ကို တခုတ်တရ အထူးပြုပြဌာန်းပေးခဲ့တာ ဤပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကို အမြင့်အမားဆုံးဖြစ်အောင် ရေးဆွဲပြဌာန်းလိုက်ခြင်းပါ။


"ခွဲထွက်ပိုင်ခွင့်ရှိသည့်ကြားက ပေါင်းစည်းညီညွတ်မှု "

နှင့်

" ခွဲထွက်ခွင့်မရှိ၊ မပြု ဟု လူမျိုးကြီးတမျိုးက ဓါးမိုးပြဌာန်း၍ ပေါင်းရခြင်း "

'ဂုဏ်သိက္ခာအဆင့်အတန်းချင်း' မတူပါ။


ကချင်၊ ကယား၊ ချင်း၊ ရှမ်း တောင်တန်းဒေသများဟာ လွတ်လပ်သောပြည်ထောင်များအနေနဲ့ ပေါင်းစည်းခဲ့ကြခြင်းဖြစ်ပါတယ်။ (မြေပုံရှုပါ၊ မြေပုံထဲမှာ ဗမာပြည်မ နယ်မြေဟာ ရခိုင်၊ မွန်၊ ကရင် ပြန်ဖယ်နုတ်ပြီး ကျန်သော နယ်မြေသာ ဖြစ်ပါတယ်)


ပင်လုံစာချုပ် တနည်းအားဖြင့် အပြန်အလှန်ထားခဲ့ကြသော ကတိသစ္စာကို ကျနော်တို့ ပြည်မသားတွေ ချိုးဖေါက်ခဲ့ကြ၊ သစ္စာပျက်ခဲ့ မဲ့ခဲ့ကြတာ ၁၉၅၈ မှ စ ပါတယ်။

မြန်မာပြည်ဟာ ထိုသစ္စာပျက်ချိန်မှ စ ၍ တောက်လျှောက် အဆင်း အညံ့ အပျက်ကို ဦးတည် နိမ့်ပါးခဲ့တာ ကမ္ဘာ့အနိမ့်ဆုံး အမွဲဆုံးဘဝကို ဒီကနေ့ ရောက်နေရသည်အထိပါပဲ။

သစ္စာမဲ့ခြင်းအကုသိုလ်အကျိုး ခံစားနေကြရတာလို့ကို ကျနော်ကတော့ မြင်မိပါတော့တယ်။


ပြည်ထောင်စုအမည်ခံပြီး တိုင်းရင်းသားနယ်မြေတွေကို လက်ဝါးကြီးအုပ်ကိုလိုနီပြုခဲ့တာပါပဲ။



" ဘယ်ဗမာမှ တိုင်းရင်းသားတွေကို နှိမ်မနေဘူး " လို့ ပြောကြတယ်။

ဒါပေမဲ့ ကယားပြည်နယ်က လောပိတလျှပ်စစ်ဓါတ်အားနဲ့ ရန်ကုန်မန္တလေး ပြည်မတခွင် ထိန်ထိန်လင်းပြီး မူလဒေသကယားပြည်ကြီးမှောင်ထဲကျန်နေခဲ့တာကို မသိကျိုးကျွံပြုကြတယ်။

မြစ်ဆုံရေကာတာဆောက်ပြီး တရုတ်က ၈၀% အကျိုးအမြတ်ခံစား ထွက်တဲ့ လျှပ်စစ်ဓါတ်ကိုယူမယ် ဆိုတော့ စိတ်တွေဆိုးကြတယ်။ ကယားတွေ ရင်ထဲက လောပိတသောက ကိုတော့ နားလည်ရကောင်းမှန်းမသိခဲ့။

ရခိုင်မှာ သဘာဝဓါတ်ငွေ့တွေထွက်တယ်၊ တနှစ်ကို ဒေါ်လာဘယ်နှသန်းဖိုး ရောင်းရတယ် ဆိုတော့ ဝမ်းသာအားရထုတ်၊ တရုတ်နဲ့စာချုပ်ရောင်းစားကြတယ်။

ဒေသခံရခိုင်တွေ ဒုံရင်းဆင်းရဲလျှက်ပဲ ကျန်နေခဲ့တာကိုတော့ စာရင်းသွင်းစရာ မမြင်။

ဒီတော့ ရခိုင်လူငယ်တွေက ပေါက်ကွဲ သူပုန်တွေ ထကြ၊ လက်နက်ကိုင်တော်လှန်ကြတဲ့အခါ လူမျိုးရေးကျဉ်းမြောင်းတာ၊ ပြည်ထောင်စုစိတ်ဓါတ်မရှိတာ စွပ်စွဲကြပြန်တယ်။



" ခွဲထွက်ခွင့်တော့ မပေးနိုင်ဘူး၊ ဖက်ဒရယ်ပဲ ရမယ်၊ မကျေနပ်ရင် တိုက်ရုံပဲ "

လို့ တချို့က လာမန့်ကြတယ်။ ဒီလူတွေဟာ စစ်အာဏာရှင်ကို မုန်းတီးဆန့်ကျင်ပါတယ် ဆိုတဲ့ လူတွေပါ။

နေဝင်းမြေး၊ သန်းရွှေမြေး၊ မင်းအောင်လှိုင်သား ရွှေမန်းသားတွေ မတရားရယူထားတဲ့ ကြွယ်ဝမှုတွေကို ရွံရှာစက်ဆုပ်ကြသူတွေပါ။

ဒါပေမဲ့ တိုင်းရင်းသားတွေမျက်စိထဲမှာ ပြည်မသားဗမာတွေကို နေဝင်းမြေး၊ သန်းရွှေမြေး၊ မင်းအောင်လှိုင်သား၊ ရွှေမန်းသားတွေနဲ့မခြား သူတပါးနယ်မြေက မတရားရယူထားတဲ့ သယံဇာတ ကြွယ်ဝမှုတွေနဲ့ မြို့တည် ရွာတည် စမတ်စီတီးတွေဆောက်နေကြသူတွေ လို့ နာကြည်းမုန်းတီးကြတာကို နားမလည်နိုင်။


ကိုယ်ချင်းစာနာစိတ်သည်သာ အဖြေမှန်ကို ပေးမှာ မချင့်ချိန်။


ကျနော်ဟာ တေးထုတ်လုပ်သူတဦးနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူဟာ မူလက နာမည်ကြီးတေးသံသွင်းကြီးတခုနဲ့ သူထုတ်လုပ်တဲ့ တေးသီချင်းတွေကို ဖြန့်ချိခဲ့တယ်။

" ကျနော့်စီရီးကလေး ဘယ်လောက်ရောင်းရ ကျနော် ဘယ်လောက်မြတ်ဆိုတာ စာရင်းအင်းနဲ့ ကျနော် က သိထားတယ်။ အဲဒါ ရစရာလေးတောင်းတော့ သုံးသိန်းယူထားဦးဆိုပြီး ပေးတယ်။ ဒါနဲ့ နောက်တပါတ် ကျန်တဲ့ ငွေကလေး ဆက်တောင်းတော့ ဘာပြောတယ်မှတ်လဲ၊ အရင်တပါတ်က ပေးထားတာ ကုန်ပြီလား တဲ့ဗျာ

ကျနော့်ပိုက်ဆံ ကျနော်ရစရာရှိတာ ကျနော်တောင်းတာ ကို သူ့ပိုက်ဆံပေးသလို ပြောခံရတယ်ဗျာ ဒါနဲ့ ကိုယ့်ဖါသာ ဖြန့်ချိရေး ထ လုပ်ရတာ"


ခုလဲ မြန်မာပြည်သားတွေ ဖြစ်နေပုံက တိုင်းရင်းသားတွေ က သူ့ပိုင်ဆိုင်မှု သူတောင်းတာကို ခွဲထွက်ရေးသမားတွေ လို့ စွပ်စွဲ တိုက်ခိုက်ကြတယ်။



နိုး နိုး ခင်ဗျားတို့ မှားနေပြီ။

ဒါ ခွဲထွက်ရေး မဟုတ်ပါဘူး။

သူတို့ပိုင်ဆိုင်မှု သူတို့ နဂိုကထဲက ပိုင်ဆိုင်တဲ့ သူတို့နယ်မြေ သူတို့တောင်းကြတာပါ။


သူများပစ္စည်းမတရားရယူကြွယ်ဝရင် နေဝင်း၊သန်းရွှေ၊ မင်းအောင်လှိုင်၊ ရွှေမန်း တို့လို အဆင့်အတန်း ဖြစ်သွားမှာပေါ့။

ခင်ဗျားတို့ပဲ သူတပါးပစ္စည်းပြန်ပေးတဲ့ ရိုးသားသော ဒရိုင်ဘာကြီးတွေ၊ သန့်ရှင်းရေးလုပ်သားကြီးတွေ ချီးကျူးဂုဏ်ယူမဆုံး မဟုတ်လား။

သူတပါးပစ္စည်းကို ဘယ်လောက်တန်ဖိုးကြီးပါစေ ယောင်လို့တောင်မျက်စောင်းမထိုးတတ်သော သီလ ရှိကြမယ်ဆိုရင်၊ အဲဒီတိုင်းရင်းသားတွေ အကုန်ခွဲထွက်သွားလို့ မြန်မာပြည်ကုန်းတွင်းခေါင်ခေါင် ကွက်ကွက်ကလေးပဲ ကျန်ပါစေ၊ ကျနော်တို့ ကိုယ့်ကာယ ဉာဏ ကြိုးစားအားထုတ်မှုများနဲ့ စလုံးရေစ ပြန်လည်ထူထောင်ရဲရမှာသာ ဖြစ်ပါတယ်။ ဘာကိစ္စ သူတပါးပိုင်ဆိုင်မှု တပ်မက်ရမှာလဲ။

ကျနော်က ကျနော့်အမျိုးတွေကို အဲသလို သီလ၊ အဲသလို မာန ရှိစေ့ချင်ပါတယ်။


ကိုယ့်မိသားစုဝင်တဦးတယောက်မတရားမှုပြုခံရတာထက်၊ မတရားမှုပြုလိုက်တာ ပိုရှက်စရာကောင်းပါတယ်။

ကျနော်တို့ဟာ ကျနော်တို့ရှေ့မှ လူကြီးများ မတရားလုပ်ခဲ့သမျှအတွက်တာဝန်ယူ ဝန်ချတောင်းပန်ဖို့ လိုပါတယ်။

အမှားကို မြင် အမှန်ပြင်ကြရမှာပါ။

ဒီလို သတ္တိရှိသော စိတ်ဓါတ်မြင့်မားသော လူမျိုးလည်း ဖြစ်စေချင်ပါတယ်။


ယူထား ပြန်ပေးရမပေါ့။

" ခွဲထွက်ခွင့်တော့ မပေးနိုင်ဘူး " ဆိုတာ အဘိဇ္ဈာ နော် "


" ပြည်ထောင်စုကြီးတော့ ပြိုကွဲ မခံနိုင်ပါဘူး " ဆိုတဲ့ ပူလောင်ကြောင့်ကြ ထိပ်ပူ ရင်ပူ အပူဟာ ကိုယ့်ပစ္စည်းမဟုတ်ပါဘဲ၊ သူတပါးရွှေခွက်ကို အချောင်လိုချင်စိတ်ကြီးလို့၊ မရလို့၊ ဆုံးရှုံးလို့ ပူလောင်တဲ့ ရွဲကုန်သည်အပူမျိုး၊ အဘိဇ္ဈာပူ ကိုးဗျ"


သည်လိုနဲ့ သည်တိုင်းပြည်ကြီး

အဘိဇ္ဈာအကုသိုလ်တွေ ဖိစီးနေပုံများက။


#ချိုတူးဇော်


 
 
 

Recent Posts

See All
ရခိုင်တွင် စစ်ပွဲပြန်ဖြစ်နိုင်၍ ကျောင်းများဆက်လက်ပိတ်ထားနိုင်ဖွယ်ရှိ

ရခိုင်ပြည်မှာ... ၉ လကျော် စစ်ပွဲရပ်နားခဲ့ရာ ယခုတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်ဖွယ်ရှိသဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့...

 
 
 

Commentaires


Post: Blog2_Post

Subscribe Form

Thanks for submitting!

Ann,Rakine state,Myanmar

bottom of page